Tuesday, April 3, 2012
အကန့်အသတ်များနဲ့ စကြ၀ဠာ
စကြ၀ဠာထဲက အကန့်အသတ်တွေကို
ကဗျာဖတ်သူဆီ ခေါ်လာပေးချင်တယ်။ 
ခင်ဗျားက ကဗျာဖတ်သူလား
ဟုတ်ကဲ့ ခင်ဗျားဆီကို ခေါ်လာခဲ့မယ်။
နေစကြ၀ဠာဟာ နေစကြ၀ဠာပဲ
တခြားစကြ၀ဠာ မဟုတ်ဘူးတဲ့
အဲဒါအကန့်အသတ်ခံရတာပဲ။
ကျွန်တော်တို့ရဲ့ကမ္ဘာကြီးက နေစကြ၀ဠာထဲမှာပဲနေရပြီး
တခြားစကြ၀ဠာတစ်ခုကို ပြောင်းလို့မရဘူးတဲ့
အဲဒါလည်း အကန့်အသတ်ခံရတာပဲ။
ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ ၂၃ နှစ်ပိုင်းဒီဂရီ တိမ်းစောင်းနေရပြီး
၂၅ ဒီဂရီ ပြောင်းလို့မရဘူးတဲ့
အဲဒါလည်း အကန့်အသတ်ခံရတာပဲ။
ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ လတစ်စင်းကိုသာ
ပိုင်ဆိုင်ခွင့်ရှိပြီး တခြားဂြိုဟ်တွေလို လတွေ
တိုးတက်ဆင့်ပွား ပိုင်ဆိုင်ခွင့်မရှိဘူးတဲ့
အဲဒါလည်း အကန့်အသတ်ခံရတာပဲ။
ဒါကဗျာ
ကဗျာဖတ်သူတွေအတွက်
ကျွန်တော်ရေးနေတဲ့ကဗျာ
ခေါင်းစဉ်က အကန့်အသတ်များနဲ့ စကြ၀ဠာ
အိမ်မှာ ခေါင်းရှုတ်စရာတွေ များလို့
ရုံးမှာ လာရေးနေတဲ့ကဗျာ
အဲဒီလို သေသေချာချာ စိတ်ပါလက်ပါ ရေးနေတုန်း
ဗြုန်းဆို တယ်လီဖုန်း လာတယ်။
ဟုတ်ကဲ့ အမိန့်ရှိပါ
ဝိုင်းသော် ဆိုတာ ကျွန်တော်ပါပဲ ခင်ဗျာ
ခင်ဗျာ
ခင်ဗျာ
ကျွန်တော်က လာတွေ့ရမယ်ဟုတ်လား
ဘာကိစ္စများပါလိမ့်
ကျွန်တော် အခု ရေးနေတဲ့ကဗျာကိစ္စ
မနောက်ပါနဲ့ဗျာ
ကျွန်တော်ရေးနေတဲ့ကဗျာကို ခင်ဗျားက ဘယ်လိုလုပ်ပြီး
သိနိုင်မှာမို့လို့လဲ
သြော်-ဒါနဲ့ အခုအမိန့်ရှိတာ ဘယ်သူပါလဲခင်ဗျာ
ကဗျာဖတ်သူတစ်ဦး
ဟုတ်လား 
ဒါဆိုရင် ပြောပါ
ပြောပါ
ကဗျာဖတ်သူတွေမှာ ပြောချင်ရာပြောခွင့် ရှိနေတာပါ။
ဟန်းဖုန်းကိုင်ထားတဲ့ အဲဒီကဗျာဖတ်သူက
(အားနာပါးနာနဲ့) လာတွေ့ဖို့မခေါ်တော့ဘဲ
သူ ပြောချင်ရာကို ဖုန်းနဲ့ပဲ ပြောပြခဲ့တယ်။
အခု ဒီကဗျာဖတ်နေသူကို
အဲဒီကဗျာဖတ်သူ ပြောခဲ့တာတွေကို
(ကို နှစ်လုံးထပ်နေတဲ့အရေးအသားကို ခွင့်လွှတ်ပါ)
ပြန်ပြီး ပြောပြချင်ပါတယ်။
ကဗျာဆရာ
အကန့်အသတ်တွေကို ခင်ဗျား ကျော်လို့မရဘူး
စကြ၀ဠာနဲ့ ကမ္ဘာကြီးက
သူတို့နဲ့ဆိုင်တဲ့အကန့်အသတ်တွေကို ကျော်လို့မရသလို
ခင်ဗျားလည်း ခင်ဗျားရဲ့ကဗျာရေးဖွဲ့မှုမှာ
ကျော်ချင်တိုင်းကျော်လို့မရဘူး
မော်ချင်တိုင်းမော်လို့မရဘူး
ခင်ဗျား ထင်ခဲ့တယ်
ဒွေချိုး လေးချိုး တေးထပ်
လေးလုံးစပ်ကဗျာဖွဲ့နည်းတွေကို ကျော်ပြီး
ရေးချင်သလို ရေးမယ်
ကာရန်နဘေတွေကို ချိတ်ချင်သလို ချိတ်မယ်
စကားလုံးတွေက နောက်ဆုံးပေါ်သိပ္ပံသတင်းတွေမှာ ရှာမယ်
နောက်ဆုံးပေါ်အင်တာနက်သတင်းတွေမှာ ရှာမယ်
တင်စားချင်သလို တင်စားမယ်
လူသားဟာ ဂြိုဟ်သားဖြစ်ချင်ဖြစ်သွားမယ်
အချစ်ဆိုတာ ကာရာအိုကေပါလို့ပြောချင်ပြောမယ်
အချစ်ဆိုတာရဲ့သက်တမ်းဟာ ဒင်္ဂါးပြားတစ်ပြားကို
မွှတ်နေအောင် လှည့်ထားနိုင်တဲ့ကာလပါပဲ လို့ပြောချင်ပြောမယ်
အချစ်မလိုတဲ့ ဖိုမဆက်ဆံရေးတွေကို အမွှန်းတင်မယ်
နိုင်ငံရေးဆိုတာကို လျစ်လျူရှုပြီး
ကဗျာရဲ့ပုံသဏ္ဍာန်ဝါဒကိုပဲ ရှေ့တန်းတင်မယ်
နိုင်ငံခြားက မော်ဒန်တွေ၊ ပို့စ်မော်ဒန်တွေကို
နားမလည်ပါးမလည် ထည့်ရေးမယ်
ဒီနည်းနဲ့ အကန့်အသတ်တွေကို ကျော်နိုင်မယ်လို့
ထင်ခဲ့တယ်။
မရပါဘူး ကဗျာဆရာ
ခင်ဗျား ဘယ်လိုမှ အကန့်အသတ်တွေကို ကျော်လို့
မရနိုင်ပါဘူး။
နေမင်းကြီးက မနက်နေထွက် ညနေ နေ၀င်ဆိုတဲ့
အကန့်အသတ်ကို မကျော်လွန်နိုင်သလို
ခင်ဗျားလည်း ဘောလ်ပင်ကိုင်ပြီး
စာရေးစက္ကူပေါ်မှာ ကဗျာချရေး
မက်ဂဇင်းတိုက်တွေက အယ်ဒီတာစားပွဲပေါ်
လိုက်တင်ပေးနေရတဲ့အကန့်အသတ်ကို
မကျော်လွန်နိုင်ပါဘူးတဲ့။
ကဗျာဖတ်သူတစ်ဥိးရဲ့သုံးသပ်ချက်ကို
ကဗျာဖတ်သူများထံ ဝေငှပေးရင်း
အကန့်အသတ်များနဲ့စကြ၀ဠာ ကဗျာကို
အဆုံးသတ်လိုက်ရပါတယ်။              ။
Thursday, March 22, 2012
ခိုရာကွန်း
ခိုရာကွန်းဆိုတာ
ကွန်းခိုရာပါပဲ။
လူတိုင်းလူတိုင်း
ကျားတိုင်း မ တိုင်း
ခိုရာကွန်းရှိမှ တည်ငြိမ်နိုင်တာ။
စားဝတ်နေရေးဆိုတဲ့ခိုရာကွန်းအပြင်
နှလုံးသားရဲ့နားခိုရာလည်း လိုသေးတယ်။
ကျွန်တော့်ရဲ့ ဒီ ခိုရာကွန်း ဘလော့ဂ်စာမျက်နှာမှာ
ကွန်းခိုမှာကတော့ ကဗျာလေးတွေနဲ့အစပြုဖို့
စဉ်းစားထားတယ်။
နောက်တော့လည်း
အဆင်သင့်သလို တိုးမြှင့်သွားမှာပါ။
အောင်အေး (ရန်ကုန်တကသိုလ်)